မောင့်ခေါင်းထဲမှာ ကမ္ဘာကြီးပတ်ချာလည် 🤕 ဆိုတဲ့ မောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ကဗျာလေးကိုကြားဖူးကောင်းကြားဖူးကြမှာပါ။ ဒီလိုပတ်ဝန်းကျင်လောကကြီး ချာချာလည်ပြီး မူးဝေခြင်း (ဒါမှမဟုတ်) ယိမ်းထိုးသလို ခံစားနေရခြင်းရဲ့ အဓိကအကြောင်းတရားကတော့ နားထဲက ဟန်ချက်ထိန်းစနစ်တွေ ယိုယွင်းမှုကြောင့်ပါပဲ။ ဒီလိုမူးဝေခြင်းမျိုးက ခံရခက်ပေမယ့် ယေဘုယျအားဖြင့်တော့ အသက်အန္တရာယ်ထိခိုက်မှုနည်းပါးပါတယ်။ ဒါပေမယ့် ပြန်ပြန်ဖြစ်တတ်လို့ နားဆရာဝန်နဲ့ ပြသကုသမှုခံယူသင့်ပါတယ်။
မိတ်ဆွေတို့အနေနဲ့ မိုက်ခနဲဖြစ်သွားတဲ့အခိုက်အတန့်တွေလည်းကြုံဖူးနိုင်ပါတယ်။ ဦးနှောက်ကိုသွေးအရောက်နည်းသွားပြီးတဒင်္ဂသတိလစ်သွားခြင်းမျိုးပါပဲ။ ဒီလို မူးမေ့ခြင်းမျိုးဟာ တချို့သောသူတွေဆီးသွားတဲ့အခါ၊ အိပ်ရာကနေထတဲ့အခါမျိုးတွေမှာ ဖြစ်လေ့ရှိတတ်ကြပါတယ်။ ဒီလိုအကြောင်းရင်းတွေ မခံပဲ ခဏခဏဖြစ်လာခဲ့ရင်တော့ နှလုံးရောဂါကြောင့် ဖြစ်နိုင်တာမို့ ဆိုင်ရာသမားတော်နဲ့ ပြသစမ်းသပ်သင့်ပါတယ်။
နောက်ထပ်မူးဝေခြင်းတစ်မျိုးကတော့ ဟန်ချက်မထိန်းနိုင်ပဲ မူးခြင်းမျိုးပါပဲ။ အရက်အလွန်အကျွံသောက်ဖူးတဲ့ မိတ်ဆွေကတော့ ချက်ချင်း သဘောပေါက်လောက်ပြီပေါ့။ သွေးကျဆေး စိတ်ရောဂါဆေးတွေသောက်ရင်လည်း ဖြစ်တတ်ပါတယ်။ ဒီလိုဟန်ချက်ပျက်မူးဝေခြင်းနဲ့ အတူ ပဓာနတာဝန်တွေယိုယွင်းမှုလက္ခဏာဖြစ်တဲ့ အစာမျိုရ၊စကားပြောရခက်လာခြင်း၊ လေဖြန်းသလိုဖြစ်လာခြင်း ဒါမှမဟုတ် ခေါင်းအရမ်းကိုက်ခြင်းပါဖြစ်လာပြီ ဆိုရင် ဦးနှောက်ဓာတ်မှန် CT scan ရိုက်နိုင်မယ့်ဆေးရုံမျိုးကို အမြန်ဆုံးသွားရောက်ကုသမှုခံယူရမှာပါ။ သင့်ရဲ့လေဖြတ်နိုင်ခြေကို ကြိုတင်ကာကွယ်စေချင်လို့ပါ။
တကယ်တော့ မူးဝေခြင်းကို ဖြစ်စေတဲ့ အကြောင်းတရားတွေ အများကြီးပါ။ ဒါတွေအားလုံးကိုသာ ချပြလိုက်ရင် စာအရှည်ကြီးတွေဖတ်ရင်း သင့်ခေါင်းတွေ မူးဝေလာနိုင်ပါတယ်။ သွေးအားနည်းခြင်း၊ သွေးပေါင်တက်/ကျခြင်း၊ သွေးထဲဂလူးကို့စ်နည်းခြင်း စတဲ့ အဖြစ်များအကြောင်းရာတွေလည်းရှိပါသေးတယ်။
နောက်ဆုံးမှာ ပေးချင်တဲ့ မတ်ဆေ့ချ်ကတော့ အသက် ၆၅ နှစ်အောက်တွေ မူးဝေရခြင်းရဲ့ ရာခိုင်နှုန်းအများဆုံးကတော့ စိုးရိမ်သောကများခြင်း (Anxiety) ကြောင့် ပါပဲ။
သောကကို နိုင်နင်းတဲ့ လူသားတွေ ဖြစ်ကြပါစေ...
နှာစေးချောင်းဆိုးအကြောင်းသိကောင်းစရာ
.......ထိပ်ကပ်နာ ဆိုသည်မှာ ဦးခေါင်းခွံအတွင်းရှိအချွဲလွှာဖုံးထားတဲ.......